အင်းတော်ကြီး အကြောင်း သိကောင်းစရာ
အင်းတော်ကြီး အကြောင်း သိကောင်းစရာ
📚📚📚📚📚📚📚📚📚📚📚📚📚📚📚
အင်းတော်ကြီးကန်ကို ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် တည်ရှိသည်။ မြန်မာနိုင်ငံ၏ အကြီးဆုံးသော သဘာဝ အင်းကြီးဖြစ်သည်။ တောင်နှင့်မြောက် အလျား (၁၄)မိုင်၊ အနံ(၇)မိုင်ရှိပြီး စတုရန်းမိုင် ၁၀၀ အပါအဝင်ဧရိယာ ၃၁၄.၆၇ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၇၀၀-ပေ အမြင့်တွင် တည်ရှိသည်။
မိုးရာသီအချိန်တွင် အနောက်ဘက်ကမ်းရှိ လုံးတုံနှင့် အရှေ့ဘက်ကမ်းရှိ ဟဲပုရွာအကြား ရေပြင်အကျယ်ဆုံးဖြစ်သည်။ ရေပြင်ကြီးသက်သက် အကျယ်အဝန်းသည် (၄၄.၉) စတုရန်းမိုင်ရှိသည်။ အင်းတော်ကြီးကန်အတွင်း အမှိုက်ဒိုက်သရိုက် ကင်းစင်သည်။ ရေကြည်လင်သည်။ ❣
ရေပြင်ကျယ်ကြီးသည် ပင်လယ်ပြင်တမျှ ရှုမဆုံးအောင်လှပသည်။ အမြင့် ပေ ၁၀ဝ၀ ကျော်မှ ၄၀ဝ၀ ကျော်ထိ မတ်စောက်မြင့်မားသော တောင်တန်းများ ကျောက်တောင်ကြီးများ ဝန်းရံထားပါသည်။
အင်းတော်ကြီးကန်၏ အလယ် အင်းစွယ်တစ်ခုပေါ်တွင် ရွှေမဉ္ဇူစေတီတော်ကို တည်ထားသည်။ အင်းတော်ကြီးကန်သည် ပတ်ပတ်လည်၌ တောင်ရိုးတောင်စွယ်များ ဝိုင်းရံထားသည့် ချိုင့်ဝှမ်းကြီးဖြစ်သည်။ ရွှေမဉ္ဇူဘုရားသည် ကချင်ပြည်နယ်၏ အဓိကရစေတီတော်ကြီး ဖြစ်သည်။ ❣
တပေါင်းလဆန်း ဘုရားပွဲတော် ကျင်းပချိန် နီးကပ်လာလျှင် ဘုရားစေတီအရောက် လူလျှောက်သွားနိုင်ရန် သဲလမ်းမကြီးနှစ်လမ်း ပေါ်လာတတ်သည်။ ဘုရားပွဲတော်ပြီးသည့်အခါ သဲလမ်းများ ရေထဲ ပြန်မြုပ်သွားတတ်သည်။ ဘုရားပွဲတော်သည် အနီးစပ်ချုပ်နှင့်ရပ်ဝေးဧည့်သည်များဖြင့် စည်ကားလေ့ရှိသည်။
အင်းပတ်ဝန်းကျင်တွင် တိုင်းလျှံ(ရှမ်းနီ)ဟုခေါ်သော ရှမ်းလူမျိုးတို့သည် ရှေးအစဉ်အဆက်ကတည်းကနေထိုင်ခဲ့ကြသည်။ အင်းတော်ကြီးကို ရှမ်းဘာသာအားဖြင့် လောင်းလုံစည်ခမ်း သို့မဟုတ် လင်လုံ ဟုခေါ်ကြသည်။ စည်ခမ်းအင်းကြီးဟုအစိပ္ပာယ်ရသည်။ စည်ခမ်းဆိုသည်မှာ အင်းတော်ကြီးအင်းဟူ၍မဖြစ်ပေါ်လာမီက ယင်းဒေသတွင်ရှိခဲ့သောမြို့ကြီးတစ်မြို့ဖြစ်သည်။❣
သစ်ပင်ပန်းမန် တိရစ္ဆာန်များ
📚📚📚📚📚📚📚📚📚📚
အင်းတော်ကြီးကန်ပတ်လည်တွင် အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတည်ရှိသည်။ ၁၉၉၉ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သည်။ ရှုမျှော်ခင်းများ၊ ရှားပါးနို့တိုက်သတ္တဝါများ၊ ငှက်များအပါအဝင် မျိုးကွဲတိရစ္ဆာန်များအား တွေ့ရှိနိုင်သည်။
မျိုးသုဉ်းမည့်အန္တရာယ်ကျရောက်နေသော ငှက် ၁၀ မျိုးအပါအဝင် ရွှေ့ပြောင်းနှင့် ဌာနေ ငှက်မျိုးပေါင်း ၂၀၀၀၀၊ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် မျိုးသုဉ်းလု ဖြစ်နေသော လိပ် ၅ မျိုးနှင့် ဤနေရာတွင်သာ တွေ့နိုင်သည့် ငါးမျိုးစိတ် ၇ မျိုး အပါအဝင် ငါးမျိုးပေါင်း ၉၃ မျိုးတို့အား တွေ့ရှိနိုင်သော အဓိကကျသည့် ရေတိမ်ဒေသ တစ်ခု ဖြစ်သည်။
အဆိုပါငှက်မျိုးများအနက် Greylag Geese၊ Oriental Darter၊ Purple Swamphen တို့အား ဇန်နဝါရီလတွင် အတွေ့ရများသည်။ စက်လှေများဖြင့်လှည့်လည်ကြည့်ရှုပါက ရွှံ့ညွှန်ပိုင်းနေမျိုးစိတ်များ၏ဘဝရှုခင်းများကိုမြင်တွေ့နိုင်သည်။ ကန်နှင့် ရွှံ့ညွှန်ဒေသသည် ဆောင်းခိုငှက်များခိုလှုံရာဖြစ်သည်။ ပတ်ဝန်းကျင်ရွာများမှအညစ်အကြေးများက ရေအရည်အသွေးကိုခြိမ်းခြောက်လျက်ရှိသည်။ သို့ရာတွင်မိုးရာသီရောက်လျှင် ရေများပြန်လည်သန့်ရှင်းသွားသည်သာဖြစ်သည်။
ထိန်းသိမ်းရေး
📚📚📚📚📚📚
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ရေတိမ်ဒေသများနေ့တွင် အင်းတော်ကြီးကန်သည် မြန်မာနိုင်ငံအတွက် မိုးယွန်းကြီးအင်း ပြီးလျှင် ဒုတိယမြောက် ရမ်ဆာစာရင်းဝင် ရေတိမ်ဒေသတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ အစိုးရနှင့် ရမ်ဆာ အတွင်းရေးမှူးရုံးတို့က ကြေငြာခဲ့သည်။
ရမ်ဆာစာရင်းဝင် ဖြစ်လာမှုကြောင့် ထိန်းသိမ်းရေး လုပ်ငန်းများအတွက် တိုးတက်မှုကောင်းတစ်ခု ဖြစ်သော်လည်း ရေဝေဒေသရှိ စမ်းချောင်းများတွင် တရားမဝင် အာတီဆင် အသုံးပြု ရွှေကျင်မှုများက ကန်၏တောင်ဘက်ပိုင်းတွင် နုန်းမြေများ ပို့ချခြင်းနှင့် ညစ်ညမ်းမှုများကို ဖြစ်ပေါ်စေခြင်း ကဲ့သို့သော စိန်ခေါ်မှုများ ရှိနေသေးသည်။
အင်းတော်ကြီးသမိုင်း
📚📚📚📚📚📚📚📚
အင်းတော်ကြီးသမိုင်းကားဤသို့တည်း။ ဘောဂဝတီနဂါးပြည်တွင် ကာလကြာမြင့်သောအခါနဂါးဦးရေထူထပ်လာသောကြောင့် နဂါးမင်းသားညီနောင်နှစ်ပါးသည် ခမည်းတော်နှင့်မယ်တော်တို့အား နဂါးပြည်၌နဂါးတို့ပြည့်ကြပ်နေသဖြင့် မိမိတို့သည်တိုင်းပြည်သစ်ထူထောင်လိုကြောင်းလျှောက်ထားကြ၏။
မိခင်၊ ဖခင်တို့ကလည်း သားများအရွယ်ရောက်ပြီဖြစ်၍ နောက်ဆံတင်းခြင်းမရှိဘဲ ရဲမက်ဗိုလ်ပါ နောက်လိုက်အခြွေအရံများထည့်ပေးလိုက်၏။ နဂါးမင်းသားညီနောင်တို့သည်လည်း ဘောဂဝတီနဂါးပြည်မှထွက်ခွာလာပြီးလျှင် ဧရာဝတီမြစ်ကိုဆန်၍တက်လာကြသည်။ မြစ်ညာဖက်အရောက်တွင် ညီညာပြန့်ပျူးသောမြေပြင်ကိုတွေ့ကြရာ နဂါးညီနောင်တို့သဘောကျသောကြောင့် နယ်ရှင်များထံခွင့်တောင်းပြီး နဂါးတို့တန်ခိုးဖြင့်အင်းဖွဲ့လိုက်သည်။
နဂါးညီနောင်တို့ အချွေအရံစုံလင်စွာဖြင့်ပျော်ပါးနေထိုင်ကြလေသည်။ ထိုအင်းသည် သေးငယ်သည်ဖြစ်၍ ကာလကြာသော် ညီဖြစ်သူသည် သဘောမကျဖြစ်လာသည်။ သို့ဖြင့်အစ်ကိုဖြစ်သူအား မိမိသည် လက်ရှိအင်းထက်ကြီးသောနေရာကိုရှာဖွေလိုကြောင်းပြောကြားသည်။ အစ်ကိုဖြစ်သူကလည်း ညီအစ်ကိုနှစ်ယောက်အတူနေကြရန်ဖျောင်းဖျသည်။
ညီဖြစ်သူကလည်းနယ်မြေသစ်ထူထောင်ရန်စိတ်အားသန်နေသည်။ ထို့ကြောင့် အစ်ကိုဖြစ်သူကခွင့်ပြုလိုက်ရပြီး ညီဖြစ်သူက မိမိထက်ကြီးသောနေရာကိုရှာတွေ့နိုင်ပါက မိမိသည်တစ်သက်လုံးခေါင်းမြီးခြုံထဲကထွက်မည်မဟုတ်ဟု ခနဲ့လိုက်သည်။ ညီဖြစ်သူလည်းအချွေအရံများဖြင့်ထွက်လာရာ မြစ်ညာဖက်သို့ရောက်လာပြီး တစ်နေရာတွင် ညီညာပြန့်ပြူးသာယာသည့် နေရာတစ်ခုတွင်စည်ခမ်းအမည်ရှိမြို့ကြီးတစ်ခုကိုတွေ့လေသည်။
နဂါးမင်းသားသည် ထိုနေရာကိုသဘောကျသဖြင့် နယ်ရှင်များထံခွင့်တောင်းရာ အင်းဖွဲ့ခွင့်ရခဲ့သည်။ အင်းဖွဲ့လိုက်ပါက မြို့နေလူများသေကြေကုန်မည်စိုးသဖြင့် နဂါးမင်းသားသည် နတ်မြင်းစီး၍ကောင်းကင်မှ "နောက် ၇ ရက်တွင်ဤမြို့ကြီးအားအင်းဖွဲ့မည်၊ ဝေးရာရှောင်ရှားကြလော့" ဟုခုနှစ်ရက်တိုင်တိုင်ကြွေးကြော်သည်။
ထိုအချိန်တွင် စည်ခမ်းပြည်ရှိလူများသည် မိမိကိုယ်ကိုကျားအဖြစ် ပြောင်းနိုင်သောအောက်လမ်းအတတ်နှင့် တကွ အခြားမကောင်းသည့်အတတ်များကို လိုက်စားကြပြီး ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းမရှိကြသည်ဖြစ်ရာ အကုသိုလ်ဖုံးလွှမ်းနေသဖြင့် နဂါးမင်းသားကြွေးကြော်သံကို မကြားရချေ။
စိတ်ကောင်းရှိသောမုဆိုးမတစ်ယောက်သာကြားသဖြင့်ဆွေမျိုးများကို လိုက်လံပြောဆိုရာ ဆွေမျိုးများက ဤမုဆိုးမသည် လင်လိုချင်သဖြင့် လျှောက်ပြောသည်ဟု နှင်လွှတ်ကြသည်။ မုဆိုးမလည်းမိမိသားသမီးများကို ခေါ်၍ဘေးလွှတ်ရာထွက်သွားသည်။
ခုနှစ်ရက်ပြည့်သော် နဂါးမင်းသားသည် နဂါးတို့တန်ခိုးဖြင့်ကြီးစွာသော လေမိုးတို့ကိုရွာစေ၍ စည်ခမ်းမြို့ကြီးအားအင်းဖွဲ့လိုက်လေသည်။ မုဆိုးမသည် ဆွေမျိုးသားချင်းတို့ကို သတိရသောအားဖြင့် အင်းနံဘေးတောင်ပေါ်တွင် ဘုရားတစ်ဆူတည်ထားရာ မုဆိုးမဘုရားဟုအမည်တွင်သည်။❣
#ကိုးကားချက်
Future of Myanmar’s largest lake secured thanks to new Ramsar Site designation.
#Credit_သုတဇုန်_ထွန်းလင်း ✍👸
#Credit_Original_Photographers📸
#Online_Library 📖
#Pink🌸
Comments